Tuesday, January 1, 2013

7Days News Journal က ရွေးချယ်မဲပေးနိုင်မဲ့ ၂၀၁၂ အထင်ရှားဆုံးပုဂ္ဂိုလ် (Person of the Year)




 



7Days News Journal က ရွေးချယ်မဲပေးနိုင်မဲ့ ၂၀၁၂ အထင်ရှားဆုံးပုဂ္ဂိုလ် (Person of the Year)
 

         ၂၀၁၂ တစ်နှစ်တာအတွင်း မြန်မာနိုင်ငံမှ အထင်ရှားဆုံးပုဂ္ဂိုလ် (Person of the Year) ရွေးချယ်ရန် ပဏာမစာရင်းဝင်သူများကို 7Day News က ဖော်ပြလိုက်ပါသည်။ အထင်ရှားဆုံးပုဂ္ဂိုလ်ရွေးချယ်ရာတွင်
 ထိုပုဂ္ဂိုလ်၏ စွမ်းဆောင်မှုကောင်းခြင်း၊ ဆိုးခြင်း၊ နာမည်ဂုဏ်သတင်းကြီးခြင်း၊ မကြီး ခြင်းကို မူမတည်ဘဲ လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက် (သို့မဟုတ်) အဖွဲ့တို့က သတင်းများအပေါ် သက်ရောက်မှု၊ လူထုအပေါ်လွှမ်း
မိုးနိုင်မှု၊ စွမ်းဆောင်မှု တို့ကိုသာ အကဲဖြတ်၍ ပဏာမစာရင်း ရွေးချယ်ထားခြင်းဖြစ်သည်။

Vote Here: https://www.facebook.com/questions/457141427680830/


ဦးသိန်းစိန်

နာမည်ကြီးနိုင်ငံရေးသမားများအပါအ၀င် နိုင်ငံရေးအကျဉ်းသမား ရာနှင့်ချီ၍ လွတ်မြောက်ပေးခဲ့သူ၊ အမည်ပျက်စာရင်းသွင်းထားသူများ ပယ်ဖျက်ပေးပြီး ပြည်ပရောက် အတိုက်အခံများ ပြန်လာခွင့်ပြုသူ။ ဆယ်စုနှစ်များစွာအတွင်း အစိုးရအဖွဲ့အား အကြီးမားဆုံးအပြောင်းအလဲပြုလုပ်ခဲ့သူ၊ ဒေါ်အောင်ဆန်းစု ကြည်ရွေးကောက်ပွဲဝင်နိုင်ရန် ရွေးကောက်ပွဲဥပဒေပြင်ဆင်ပေးပြီး နိုင်ငံရေးအခင်းအကျင်းပုံစံသစ်တွင် ဒေါ်အောင်ဆန်းစုကြည်နှင့်လက်တွဲ၍ ဆောင်ရွက်နေသူ၊ လက်ပံတောင်းတောင် သပိတ်စခန်းအား အင်အားသုံး နှိမ်နင်းခဲ့မှုနှင့် ပတ်သက်၍ အဝေဖန်ခံရသူ၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများစွာနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်နိုင်ခဲ့ပြီး ကချင်လွတ်လပ်ရေး တပ်မတော် (KIA) နှင့်မူ ငြိမ်းချမ်းရေး မဖော်ဆောင် နိုင်သေးသူ၊ ကုလသမဂ္ဂ အထွေထွေညီလာခံတွင် ပထမဆုံးမိန့်ခွန်းပြောကြားခဲ့သော မြန်မာသမ္မတ အဖြစ် ဦးသိန်းစိန်က ၂၀၁၂ တွင် မှတ်တိုင်များစွာ စိုက်ထူခဲ့သည်။
-----------------------------------------------------
ဦးအောင်မင်း

ပြည်ထောင်စုဝန်ကြီးဦးအောင်မင်းက အစိုးရသစ်လက်ထက်တွင် တိုင်းရင်း သား လက်နက်ကိုင်အဖွဲ့ ၁၀ ဖွဲ့နှင့် အပစ်အခတ်ရပ်စဲပြီး ငြိမ်းချမ်းရေးရရှိရန် ဦးဆောင်ကြိုးပမ်းနိုင်ခဲ့သည်။ ယခင်အစိုးရအဆက်ဆက် အပစ်အခတ် ရပ်စဲရေးကိုပင် မစွမ်းဆောင်နိုင်ခဲ့သော ကရင်အမျိုးသား အစည်းအရုံး (KNU) နှင့် နှစ်ပေါင်း ၆၀ ကျော်အတွင်း ပထမဆုံးအပစ် အခတ်ရပ်စဲခဲ့ပြီး ငြိမ်းချမ်းရေးရအောင် စွမ်းဆောင်နိုင်ခဲ့သည်။ သို့သော် KIA နှင့်မူ ငြိမ်းချမ်းရေးရအောင် မစွမ်းဆောင်နိုင်သေးသလို လက်ပံတောင်းတောင် သပိတ်စခန်းတွင် ဒစ်ပလိုမေစီမဆန်သော မှတ်ချက်စကားကြောင့် ဝေဖန်ခံခဲ့ရသည်။ သမ္မတဦးသိန်းစိန်၏ အဓိကလက်ရုံးဖြစ်ပြီး အမည်ပျက်စာရင်းသွင်းခံရသူများ ပယ်ဖျက်ပေးရန်၊ ကာလကြာရှည်စွာ ပြည်ပရောက်နေသော အတိုက်အခံများ ပြန်လာနိုင်ရန်၊ အမေရိကန် သမ္မတအိုဘားမား၏ ခရီးစဉ်ပေါ်ပေါက်လာရေးတို့တွင် အဓိက အခန်းကဏ္ဍမှ ပါဝင်ခဲ့သူဖြစ်သည်။
-----------------------------------------------------
နန်းခင်ဇေယျာ

သာမန်မော်ဒယ်ဧည့်လမ်းညွှန်အဖြစ်မှ နေ့ချင်းညချင်း ထူးထူးခြားခြား နာမည်ကြီးခဲ့သူမှာ နန်းခင်ဇေယျာ ဖြစ်သည်။ နှစ်ပေါင်း ၅၀ ကြာမှ နိုင်ငံတကာအလှမယ်ပြိုင်ပွဲစင်မြင့်သို့ မြန်မာနိုင်ငံကိုယ်စားပြု ယှဉ်ပြိုင်ခဲ့သော နန်းခင်ဇေယျာမှာ အင်တာနက်အသုံးပြုသော မြန်မာများ၏ ထူးထူးကဲကဲ အားပေးမှုကြောင့် မဲပေါင်းသန်း ၂၀ ကျော်ရကာ Miss International ပြိုင်ပွဲ၏ အင်တာနက်မဲအများဆုံးဆုနှင့် အင်တာနက်မှ ပရိသတ်များက ရွေးချယ်သော လူကြိုက်အများဆုံးဆု ရခဲ့သည်။ ထိုပြိုင်ပွဲအပြီး နန်းခင်ဇေယျာသည်လည်း သာမန်မော်ဒယ်ဧည့်လမ်းညွှန်မှ နာမည်ကြီးကြော်ငြာမော်ဒယ်၊ လူမှုရေးလုပ်ငန်းများ တက်ကြွစွာ လုပ်ကိုင်သူဖြစ်လာသည်။
-----------------------------------------------------
၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်များ

၂၀၁၂ ဇန်န၀ါရီလ ၁၃ ရက် နံနက်ခင်းစောစောတွင် ၎င်းတို့ကြောင့် မြန်မာပြည်သူများ ပျော်ရွှင်၊ စိတ်လှုပ်ရှား၊ ကြည်နူးခဲ့ရသလို မြန်မာ့နိုင်ငံရေး အနာဂတ်အတွက်လည်း အားတက်ခဲ့ရသည်။ မင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုဌေးကြွယ်၊ ကိုမြအေး စသော ၈၈ မျိုးဆက် ကျောင်းသားများမှာ မြန်မာ့နိုင်ငံရေး အခင်းအကျင်းသစ်၏ အဓိကဇာတ်ဆောင်များ ဖြစ်လာသည်။ အာဏာရှင်စနစ်မှ ဒီမိုကရေစီစနစ်သို့ နိုင်ငံရေးအရ ကူးပြောင်းချိန်တွင် လူ့အဖွဲ့အစည်းများ၏ စွမ်းဆောင်ရည်မြင့်လာရန်၊ ပွင့်လင်းမြင်သာရန်၊ တာဝန်ယူတတ်ရန်၊ သတ္တိရှိရှိ မိမိတို့၏ အခွင့်အရေး တောင်းဆိုတတ်ရန်၊ အပြန်အလှန် ထိန်းကျောင်းသောစနစ် အသက်ဝင်ရန် စသော ဒီမိုကရေစီစိတ်ဓာတ်၏ အခြေခံများအား လူထုသို့ ပညာပေးခြင်းကို ၎င်းတို့၏ ပွင့်လင်းလူ့အဖွဲ့အစည်း လှုပ်ရှားမှုက ဆက်တိုက်အကောင်အထည်ဖော်ခဲ့သည်။ မြေယာပြဿနာ၊ လုပ်ခလစာနည်းပါးမှု၊ ကချင်ပြည်နယ်မှ တိုက်ပွဲများ၊ နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး စသည့် အရေးကိစ္စများနှင့် ပတ်သက်၍လည်း ၎င်းတို့က အဖြေဖော်ထုတ်နိုင်ရန် တက်တက်ကြွကြွ ကြိုးပမ်းခဲ့ကြသည်။
-----------------------------------------------------
သီဟသူရဦးတင်အောင်မြင့်ဦး

သမ္မတဦးသိန်းစိန်အစိုးရလက်ထက်တွင် ထိပ်တန်းအစိုးရအဖွဲ့ဝင်များထဲမှ အနားယူသွားသူဖြစ်သည်။ ဒုတိယသမ္မတ သီဟသူရဦးတင်အောင်မြင့်ဦးသည်

ကျန်းမာရေးအခြေအနေကြောင့် ယခုနှစ်ဧပြီလမှစတင်၍ ဆေးဝါးကုသ အနားယူခဲ့ပြီး မသက်သာသည့်အတွက် ဇူလိုင်လ ၁ ရက်မှစတင်၍ နုတ်ထွက်စာတင်ကာ နှုတ်ထွက်သွားခဲ့သည်။ နိုင်ငံတကာမီဒီယာများက မြန်မာအစိုးရအတွင်း ပြုပြင်ပြောင်းလဲလိုသူ၊ ပြုပြင်ပြောင်းလဲမှုကို မလိုလားသူဟူ၍ အုပ်စုနှစ်စုရှိကြောင်း မကြာခဏ ရေးသားခဲ့ကြပြီး ၎င်းအနားယူသောအခါတွင် နိုင်ငံတကာမီဒီယာများက အလေးထား ဖော်ပြခဲ့ကြသည်။ ဒုတိယသမ္မတဟောင်းနှင့် ပတ်သက်၍ နိုင်ငံရေးလေ့လာသူများ၊ စီးပွားရေးလုပ်ငန်းရှင်များကြား အမြင်မတူမှုများစွာရှိခဲ့သည်
-----------------------------------------------------
ဦးအောင်သိန်းလင်း

မြို့တော်ဝန်ဟောင်းလည်းဖြစ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လည်းဖြစ်သည့် ဦးအောင်သိန်းလင်းက တရုတ်မီဒီယာတစ်ခုသို့ ပြောကြားခဲ့သော စ

ကားများဖြင့် ၂၀၁၂ ခုနှစ်အတွင်း မီဒီယာများကြား ထင်ရှားသတင်း ဖြစ်ခဲ့သူဖြစ်သည်။ ထို့ကြောင့်လည်း ကိုယ်စားလှယ်အဖြစ်က ရုပ်သိမ်းပေးရန် မဲဆန္ဒရှင်များက လက်မှတ်ရေးထိုး တောင်းဆိုခံရသည့် ပထမဆုံးကိုယ်စားလှယ်အဖြစ် မှတ်တမ်းဝင်ခဲ့သူလည်းဖြစ်သည်။
-----------------------------------------------------
ဒေါ်အောင်ဆန်းစုကြည်

အတိုက်အခံခေါင်းဆောင်တစ်ဦးမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တစ်ဦးအဖြစ် လွှတ်တော်တွင်းသို့ဝင်ခဲ့ပြီး အနောက်နိုင်ငံများ၏ အရေးယူပိတ်ဆို့မှုများ ဖြေလျှော့ရေးနှင့် ပြည်ပအကူအညီများ ရရှိရေးအတွက် ကြီးမားသော အခန်းကဏ္ဍမှ ပါဝင်ခဲ့သည်။ ထိုင်းနိုင်ငံမှ စတင်လိုက်သည့် ၎င်း၏ပထမဆုံး ပြည်ပ ခရီးစဉ်မှစ၍ နိုင်ငံတကာတွင် ပြောကြားခဲ့သည့် မိန့်ခွန်းများကြောင့်လည်း ကမ္ဘာ့မီဒီယာဇာတ်ခုံ၌ မြန်မာနိုင်ငံသည် ထင်ပေါ်ခဲ့ရသည်။ သို့သော် ပြည်တွင်း၌ဖြစ်ပွားခဲ့သော၊ ဖြစ်ပွားနေဆဲဖြစ်သော ပဋိပက္ခများတွင် ၎င်း၏အခန်းကဏ္ဍအပေါ် ဝေဖန်မှုများစွာရှိခဲ့သည့်အတွက် ဆယ်စုနှစ် နှစ်ခုကျော်အတွင်း ဒေါ်အောင်ဆန်းစုကြည်အတွက် ဝေဖန်ပြစ်တင်မှုအများဆုံးထွက်ပေါ်ခဲ့သည့် နှစ်တစ်နှစ်လည်းဖြစ်သည်။ မြန်မာနိုင်ငံအတွက် အရေးကြီးဆုံး အကြောင်းအရာတစ်ခုဖြစ်သော လက်ပံတောင်းတောင်အရေး စုံစမ်းစစ်ဆေးရေးကော်မရှင် ဥက္ကဋ္ဌ တာဝန်ကို ရဲဝံ့စွာ တာဝန်ယူခဲ့ပြီး ယခင်အတိုက်အခံခေါင်းဆောင်ဖြစ်ခဲ့သော်လည်း ဒီမိုကရေစီကူးပြောင်းရေးအတွက် အစိုးရ၊ လူထုအပါအ၀င် အလွှာပေါင်းစုံမှ လူများ ဒီမိုကရေစီနှင့် ထိုက်တန်သော စိတ်ဓာတ် မွေးမြူကြရန် နည်းအမျိုးမျိုးဖြင့် ပြောဆိုအကြံပြုသူ ဖြစ်လာသည်။
-----------------------------------------------------
ပြည်တော်ပြန်များ

ပြည်တွင်းနိုင်ငံရေးအခြေအနေများကြောင့် ပြည်ပနိုင်ငံများတွင် ရောက်ရှိနေသော နိုင်ငံရေးအင်အားစုများ ဆယ်စုနှစ် သုံးခုကျော်အတွင်း ပထမဆုံးအကြိမ်အဖြစ် အလုံးအရင်းပြန်ဝင်လာခဲ့ကြသည်။ ပြန်ဝင်လာပြီးနောက် ပြည်တော်ပြန်များ၏ လုပ်ဆောင်ချက်အခန်းကဏ္ဍက အဖွဲ့အစည်းလူပုဂ္ဂိုလ်အလိုက် ကွဲကွဲပြားပြားရှိခဲ့သည်။ သို့သော် ပြည်တွင်း၊ ပြည်ပမီဒီယာများတွင် ၎င်းတို့၏သတင်းများက နေရာယူခဲ့သည်။
-----------------------------------------------------
အခွင့်အရေးအတွက် ဆန္ဒဖော်ထုတ်သူများ

လွတ်လပ်စွာစုဝေးစီတန်း လမ်းလျှောက်ခွင့်ဥပဒေ မထွက်မီကပင် လျှပ်စစ်မီးရရှိရေးအတွက်၊ လုပ်ခလစာခံစားခွင့် အပြည့်အ၀ရရှိရေးအတွက် ကျောက်မီးသွေးစက်ရုံ ရပ်တန့်ရေးအတွက် ဆန္ဒပြတောင်းဆိုမှုများ နှစ်ဆန်းပိုင်းတွင် ထွက်ပေါ်လာခဲ့သည်။ ဥပဒေထွက်လာပြီးနောက် ဆန္ဒပြတောင်းဆိုပွဲများက နိုင်ငံအနှံ့ ဆက်တိုက်ဆိုသလို ဖြစ်ပေါ်ခဲ့သည်။ ဆန္ဒပြတောင်းဆိုမှုအများစုမှာ ပါဝင်ပတ်သက် တောင်းဆိုသူများ၏ အခြေခံရပိုင်ခွင့်များအတွက် ရသင့်သည်ကို တောင်းဆိုကြခြင်းဖြစ်သည်။ သို့သော် အချို့ဆန္ဒတောင်းဆိုမှုများက မိမိအတွက်ကိုသာကြည့်လွန်းပြီး သဘာဝမကျသော တောင်းဆိုမှုများ တောင်းဆိုသည်။ အားပေးလှုံ့ဆော်သူများ၏အကြိုက်လိုက်၍ တောင်းဆိုမှုများရှိသည်ဟု ဝေဖန်ကြသည်များလည်း ရှိသည်။ ပါဝင်ပတ်သက်ခဲ့ကြသူများကို မီဒီယာစာမျက်နှာများပေါ်တွင် ပြည်သူအများ မြင်တွေ့ခဲ့ကြရသည်။ တစ်ဦးချင်းစီ၏ ရည်ရွယ်ချက် တည့်မတ်မှန်ကန်မှု ရှိ၊ မရှိကမူ ပြည်သူတို့ ထင်မြင်ဆုံးဖြတ်ချက်အတိုင်းပင် ဖြစ်လိမ့်မည်။
-----------------------------------------------------
ဦးသိန်းညွန့်

လွှတ်တော်အစည်းအဝေးများအတွင်း ၎င်း၏ ချက်ကျလက်ကျ မေးခွန်း အဆိုများကြောင့် ယခုနှစ်အတွင်း ပိုမိုထင်ရှားလာခဲ့သည်။ နိုင်ငံအတွင်း တရားစီရင်ရေးကဏ္ဍတွင် ထင်ထင်ပေါ်ပေါ် ဝေဖန်ထောက်ပြမှုများ ပြုလုပ်ကာ မီဒီယာများ၏ အမှုကြီးများတွင် ရှေ့နေတစ်ဦးအဖြစ် ပါဝင်ဆောင်ရွက်လျက်ရှိသည်။

____________________________________
Credit to - News Of Myanmar

No comments:

Post a Comment