Tuesday, June 4, 2013

ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်ြေ ပာသော မြေနီကုန်း အရေးအခင်းပထမအကြိမ် နှစ်ပတ်လည်အကြောင်း


ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်ပြောသော
 မြေနီကုန်း အရေးအခင်းပထမအကြိမ် နှစ်ပတ်လည်အကြောင်း


မြန်မာ့အသံမှာလည်း မြေနီကုန်းကိစ္စနဲ့ ပတ်သက်လို့ ပါလာတဲ့ကိစ္စကိုလည်း ကျမရှင်းပါရစေဦး။ မြေနီကုန်းမှာပေါ့လေ။ အဲဒီလို မြန်မာ့အသံကပြောသလို လုပ်သားပြည်သူ့နေ့စဉ်က ရေးသလိုတော့ ကျမ ကဗျာဆန်ဆန်၊ ဝတ္ထုဆန်ဆန်လေးတော့ မပြောတတ်ပါဖူး။ ကားကလေးတစ်စီးက လာတယ်ပေါ့လေ။ အရောင်လေးကလည်း ဘယ်လိုလဲမသိပါဖူး။ နံပါတ်ကလည်း ဘယ်လိုလဲမသိပါဖူး။ ကားကလေးက တစ်ခါထဲ တံခါးပွင့်သွားတယ်။ အမျိုးသမီးတစ်ယောက်က ဆင်းလာတယ်။ ဆင်းလာတဲ့အခါကျတော့ ပန်းချသွားတယ်။ ပန်းချသွားပြီးတော့ ဒီအမျိုးသမီးကို မဝတရုံးရောက်မှ ကျမမှန်းသိတယ်လို့ဆိုပါတယ်။ အဲ့ဒီတော့ ဒီကိစ္စဟာလည်းကျမပြန်ပြီးတော့ ရှင်းပြရမယ်။
ဒီအတိုင်းဖြစ်တာလဲ မဟုတ်ပါဖူး။ အဲဒီနေ့ စမ်းချောင်းမှာ ကျမတို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ (၂၁)ရက်နေ့ ဇွန်လအရေးအခင်း တစ်နှစ်နှစ်ပတ်လည်အခမ်းအနားကို ကျင်းပခဲ့ပါတယ်။ ဒီအခမ်းအနား ကျင်းပခဲ့ပြီးတဲ့အခါကျတော့ သြော်..အဲဒီအခမ်းအနားမှာလည်း လူက ကျမတို့မြင်သလောက်တော့ နှစ်ထောင်၊ သုံးထောင်လောက်ရှိတယ်လို့ မြင်ပါတယ်. ဒါပေမဲ့ မြန်မာ့အသံကတော့ ငါးရာလောက်ပဲမြင်တယ်လို့ ဆိုတယ်။

ကျမတို့ အမြင်ချင်းကတော့ သိပ်မတူဘူးပေါ့လေ။ ကျမတို့ ဒီရုံးကနေ ပြန်လာတော့၊ ပြန်လာတဲ့အခါကျတော့ (တိပ်ခွေကြားထဲမှာ ပြတ်သွား) ရောက်လာပြီးတော့ ပန်းစည်းလေးချတယ်။ ပန်းစည်းလေးချပြီးတော့ အလေးပြုတယ်။ သိပ်လည်းမများပါဖူး။ ၁၅ယောက်လောက်ပါ။ ကျမတို့မှာ ဓာတ်ပုံတွေရှိပါတယ် ကြည့်ချင်လို့ရှိရင်။ ၁၅ယောက်လောက်ပဲ။ အားလုံးအေးအေးဆေးဆေးပဲ ဘာမှ ရုတ်ရုတ်ရက်ရက်လည်းမရှိဖူး။ ဒါပေမဲ့ ကျမတို့ ဖြတ်လည်းသွားတဲ့ အချိန်မှာ ဘာလဲ။ ဟိုလက်နက်ကိုင်တပ်တွေက လာပြီးတော့ ပြေးပြီးတော့ ကြမ်းကြမ်းတမ်းတမ်းပဲ ဒီကျောင်းသားတွေကို ဖမ်းတာ၊ ဆွဲတာ ကျမတို့တွေ့လိုက်ရပါတယ်။ အဲ့ဒီတော့ ကျမပြောတယ်။ ပြန်းသွားမယ်။ ဒီလိုကျောင်းသားတွေကို ဖမ်းတာဆီးတာ ကျမတို့လျစ်လျှူရှုထားလို့ မဖြစ်ပါဖူး။ ကျမတို့ကျောင်းသားမဟုတ်ပါဖူး။ ဒါ တစ်ခြားတပ်ဦးတစ်ခုလို့ ကျမတို့နားလည်ပါတယ်။ ကျမတို့ အဖွဲ.ချုပ်ဝင်များမဟုတ်ပါဖူး။ ဒါပေမဲ့ ကျမတို့ အဖွဲ့ချုပ်ဝင်များ မဟုတ်လို့ လျစ်လျှူရှုထားလို့ရှိရင် နဝတ က ကျမတို့ကို ပါတီနိုင်ငံရေးပဲလုပ်တယ်။ အမျိုးသားနိုင်ငံရေး မလုပ်ဖူးဆိုတာ ပြောမှာကိုလည်း စိုးရသေးတယ်။ ဒါကြောင့်မို့လို့ ကိုယ့်ရဲ့ ဒီမိုကရေစီဘက်တော်သား အချင်းချင်းပဲ။ ကျမအနေနဲ့ ဒီလိုတော့ လျစ်လျှူရှုထားလို့မရဖူးဆိုပြီး ကျမ ပန်းစည်း တစ်ခုယူသွားပြီးတော့ ပြန်ပြီးတော့ချပါတယ်။ ချလာတဲ့အခါကျတော့ ကျမတို့နဲ့ ပါလာတဲ့ လူငယ်တစ်ယောက်ကို ဖမ်းသွားတယ်။ ကျမ ဘာမှ မလုပ်ပါဖူး။ ဖမ်းရင်လည်း ဖမ်းသွားပေါ့။ ကျမ ကားထဲဝင်ပြီးတော့ ဆက်ပြီးတော့ ထွက်သွားတယ်။ အဲ့ဒီအချိန်မှာ သေနတ်တွေနဲ့ ပစ်တယ်။ အောက်က၊ အနောက်ကနေ သေနတ်ဖောက်သံတွေ ကြားတယ်။ အဲ့ဒီတော့ ကျမပြောတယ်။ ပြန်လှည့်ရမယ်။ ဒီလို သေနတ်ဖောက်လို့ ကျမတို့ဟာ ဆက်ပြီးထွက်သွားတယ်ဆိုရင် မသင့်တော်ဖူး။

ဒီဟာဟာ သေနတ်ဖောက်တာဟာ ပြည်သူလူထုကို ခြိမ်းခြောက်နေတာပဲ။ ပြည်သူလူထုက်ု ခြိမ်းခြောက်နေတာကို ကျမကနေပြီးတော့ ဥပက္ခောပြုပြီးတော့ ပစ်သွားတယ်ဆိုတာ မသင့်တော်ဖူး ဆိုပြီး ကျမပြန်ပြီးလှည့်လာပါတယ်။ သေနတ်ပစ်တဲ့နေရာကို ပြန်ပြီးတော့ လှည့်ခဲ့တယ်။ လှည့်တဲ့အခါ အူယားဖားယားနဲ့ ရဲအရာရှိတစ်ယောက်က ”ဘာလဲ၊ မောင်းမပြေးနဲ့ ပစ်မယ်၊” ဟာ ဘယ်သူက မောင်းပြေးနေလို့လဲ။ တမင်သက်သက် ပြန်လာတာ။ မောင်းပြေးဖို့ မဟုတ်ပါဖူးဆိုတာ။ ဒါကိုလည်း သူက ရိုင်းရိုင်းစိုင်းစိုင်း စကားမရှည်နဲ့ပေါ့လေ။ ပစ်မယ်။ ခတ်မယ်နဲ့။ သေနတ်ကြီးကလည်း တရမ်းရမ်းနဲ့လုပ်နေပါတယ်။ ကျမတို့ကို စခန်းရှေ့မှာ ရပ်ဆိုပြီး ကျမတို့ စခန်းရှေ့မှာ ရပ်တယ်။ စခန်းရှေ့မှာ ရပ်ပြီးတဲ့ အခါကျတော့ ကျမတို့ကို TE11 ကြီးပေါ်မှာတက်ခိုင်းပါတယ်။ အဲ့ဒီတော့ ကျမတို့အားလုံး အတူတူတက်ပါတယ်။ အဲ့ဒီအချိန်ကျတော့ ကျမဘယ်သူလဲဆိုတာ ဘေးက အရာရှိတစ်ဦးက ကောင်းကောင်းသိတယ်လို့ ကျမထင်ပါတယ်။

ဒီမတိုင်ခင်မှာဘဲ ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းဆိုပြီး အရာရှိတစ်ဦးက အော်နေတာကြားတော့ ကျမ ဘယ်လိုလူမှန်းသိတယ်ဆိုတာ သိပ်ပြီးတော့ ထင်ရှားတယ်။ ဒါပေမဲ့ အများက မသိဖူးဆိုလို့ရှိရင် ကျမလက်ခံပါတယ်။ ကျမကို လူတိုင်းက သိတယ်လို့ ထင်နေလို့ရှိရင် တော်ကြာ ကျမ သွေးကြီးရာရောက်ဦးမယ်။ မသိလို့ပဲပေါ့။ ကျမတို့ကို TE11 ပေါ်မှာ တက်ဆိုတာ၊ တက်ပါတယ်။ တက်ပြီးတော့ ဗိုလ်မှူးကြီးကိုယ်တိုင် ရောက်လာပါတယ်။ ဗိုလ်မှူးကြီးကတော့ အင်မတန်မှ ယဉ်ယဉ်ကျေးကျေး လူကြီးပီပီသသရှိပါတယ်။ ကျမတို့ ဒါမှန်တာကို မှန်တဲ့ အတိုင်းပြောမှာပါ။ ကျမသက်သက်မဲ့ နဝတမို့လို့ တပ်မတော်အရာရှိမို့လို့ စော်ကားချင်တဲ့ စိတ် လုံးလုံးမရှိပါဖူး။ ကျမတို့ကို မဝတ ရုံးခေါ်သွားတယ်။

မဝတရုံးရောက်တဲ့ အခါကျတော့ ကျမတို့အားလုံး ထိုင်ပြီးတော့ ဆွေးနွေးကြတာပေါ့လေ။ ဆွေးနွေးကြတဲ့ အခါကျတော့ ကျမပြောပါတယ်။ ဒီ ၂/၈၈ ကိုတော့ လိုက်နာလို့ မဖြစ်ပါဖူး။ လူငါးယောက်နဲ့ နိုင်ငံရေးလုပ်ဖို့ဆိုတာကတော့ မဖြစ်ပါဖူး။ ကျမတို့ဟာ ဘာမှ ဆူဆူပူပူလည်း လုပ်မှာ မဟုတ်ပါဖူး။ အေးအေးချမ်းချမ်းပဲ လုပ်သွားမှာ ပါဆိုပြီးတော့ ကျမပြောသွားပါတယ်။ ဒီအာဏာဖီဆန်ရေးကိစ္စနဲ့ ပတ်သက်ပြီးတော့လည်းပြောသွားပါတယ်။ ပြီးတော့ မြေနီကုန်းမှာ ဖြစ်တဲ့ ကိစ္စနဲ့ ပတ်သက်လို့လည်းကျောင်းသားလေးတွေကို ဖမ်းလို့ ကျမပြန်လာရတာပါဆိုပြီး ကျမရှင်းပြသွားပါတယ်။ ဒီဟာတွေအားလုံးကျမ ရှင်းပြသွားပြီးသားပါ။ ဒါပေမဲ့ ဒါတွေအားလုံးမြန်မာ့အသံကလည်းမရှင်းပြသွားပါဖူး။

ဒီတော့ဒီကိစ္စမှလည်း ကျမဟာ တမင်ဆူပူအောင် လှုံ့ဆော်ချင်လို့ ပန်းစည်းသွားချတယ်ဆိုတာ ကျမဟာ ဆူပူအောင် လှုံ့ဆော်ချင်လို့မဟုတ်ပါဖူး။ ဒီကျောင်းသားလေးတွေကို ကျမမျက်စိရှေ့မှာ ဖမ်းသွားတာမြင်လို့ပါ။ ကျောင်းသူလေး တစ်ယောက်လည်းပါသွားပါတယ်။ ဒီကလေးများဟာ အေးအေးဆေးဆေးပန်းစည်းချပြီးတော့ ပြေးဖို့ အဆင်သင့်ပဲ။ ပြေးရင်လည်း ပြေးပါစေပေါ့။ မသိချင်ယောင်ဆောင် လို့ရှိရင် ဒီကိစ္စဟာ ပြီးသွားမယ့်ကိစ္စပဲ။ အေးအေးချမ်းချမ်းနဲ့အားလုံးပြီးသွားမှာ ဖြစ်ပါတယ်။
အဲဒီတော့ မြေနီကုန်းမှာ လူတစ်ယောက် ကျဆုံးသွားတယ်ဆိုတဲ့ ကိစ္စနဲ့လည်း ကျမပြောချင်ပါတယ်။ ဒီလူဟာ အလုပ်သမားသွေးစည်းညီညွတ်ရေးပါတီက စည်းရုံးရေးတာဝန်ခံတစ်ယောက်ဖြစ်ပါတယ်။ ဒီလူကျသွားတဲ့အခါကျတော့ သွားပြီးတော့ ကောက်တာ၊ သွားပြီးတော့ ကယ်တာဟာ ကျောင်းသားများပါ။ ကျောင်းသားလေးများဟာ ဒီလူကျသွားတဲ့ ဦးသိန်းမိုးကို ဘုန်းကြီးကျောင်းကို သယ်သွားတယ်။ ဘုန်းကြီးကျောင်းက သံဃာတော်များဖြစ်ပါတယ်။

အဲ့ဒီတော့ ကျမတို့ ကျောင်းသားများ၊ ရဟန်းရှင်လူပြည်သူလူထုများဟာ ဆူပူချင်တဲ့လူထုမဟုတ်ဘူး။ သတ်ဖြတ်ချင်တဲ့လူထုမဟုတ်ဘူး။ တစ်ယောက်အပေါ်တစ်ယောက် ကြင်နာတဲ့လူထုဆိုတာ အင်မတန်မှ ထင်ရှားပါတယ်။ ဦးသိန်းမိုး ဟာ အလုပ်သမားသွေးစည်းညီညွတ်ရေးပါတီထဲက စည်းရုံးရေးတာဝန်ခံဆိုတာ သွားပြီးတော့ ကောက်တဲ့ကျောင်းသားလေးတွေ သိပါတယ်။ ဒီကျောင်းသားလေးတွေ သွားပြီးကောက်တဲ့ အခါတုန်းက သူ အသက်မထွက်သေးပါဘူး။ သူဘယ်သူဆိုတာ သူပြောနိုင်ပါတယ်။ သူ့ရဲ့ ကဒ်ပြားတွေလည်း ကျောင်းသားတွေက တွေ့ပါတယ်။ ဒါပေမဲ့လည်း ငါတို့ရန်သူကြီးဆိုပြီးတော့ မပစ်ထားပါဘူး။ ကျောင်းသားလေးများက သယ်သွားပါတယ်။ ဆေးရုံအရောက် လိုက်ပို့ပေးဖို့စီစဉ်ပါတယ်။

အဲဒီတော့ကျမတို့ရဲ့ ဒီမိုကရေစီလိုလားတဲ့ အင်အားစုတွေကို ဘာဖြစ်လို့ ဒီလောက်တောင်မှ တိုက်ခိုက်နေလဲ။ ကျမတို့ဟာ ဆူပူအောင်လုပ်ချင်တဲ့လူတွေ၊ အကြမ်းဖက်ချင်တဲ့လူတွေ ဆိုလို့ရှိရင် ဦးသိန်းမိုးကြီးကို တစညကြီးဟဲ့ ဆိုပြီးပစ်ထားခဲ့မှာပေါ့။ ဒီလိုစိတ်တွေ မရှိပါဘူး။ ကျမတို့ ပြည်သူလူထုအချင်းချင်းပဲ။ ကျမတို့စိတ်မကောင်းပါဖူး။ ဦးသိန်းမိုးတစ်ယောက်ကျသွားတယ်။ ဦးသိန်းမိုးဆိုတာဟာ တစညတို့၊ အလုပ်သမားစည်းလုံးညီညွတ်ရေးပါတီတို့ဆိုတာ ကျမတို့စိတ်ထဲမှာ မထားပါဘူး။ ပြည်သူထဲက တစ်ယောက်ကျသွားတယ်။ ဒီလောက်တောင်မှ ကျမတို့မှာ အသက်လုံခြုံမှု မရှိဘူးလား။ ဒီလိုအခြေခံလူ့အခွင့်အရေးတစ်ခုဖြစ်တဲ့ အသက်လုံခြုံမှု ကျမတို့ မရှိနိုင်ဘူးလား။ ဒီလိုလူ့အခွင့်အရေးတွေလိုချင်လို့ ကျမတို့ ဒီမိုကရေစီလှုပ်ရှားမှုထဲမှာ ပါဝင်နေတာပဲ။ ဒီလိုရည်ရွယ်ချက်တွေနဲ့ ကျမတို့ ဆက်ပြီးတော့ လုပ်သွားမှာပဲ။ ဒါကြောင့်မို့လို့ ကျမတို့ မတရားတဲ့ အမိန့်အာဏာ ဖီဆန်တယ်ဆိုတာ၊ ဒီလို မတရားတဲ့ အမိန့်အာဏာတွေကို မဖီဆန်လို့ရှိလို့ရှိရင် တဖြေးဖြေး ကျမတို့မှာ ရှိစုမဲ့စု အခွင့်အရေးလေးတွေတောင်မှ ပျောက်သွားချည်ရဲ့ ဆိုပြီးတော့ ယုံကြည်လို့ ဖီဆန်ခြင်းဖြစ်ပါတယ်။



ဒေါက်တာအောင်ခင်တည်းဖြတ်သော ဒေါ်အောင်ဆန်းစုကြည်၏ ကြောက်ရွံ့ခြင်းမှလွတ်ကင်းရေးနှင့်အခြားစာတမ်း စာအုပ်အပိုင်း(ခ)- "သတင်းစာရှင်းလင်းပွဲ အမှတ်-၆' မှထုတ်နုတ်ဖော်ပြပါသည်။


Kyaw Naing
04/06/2013

No comments:

Post a Comment